အေးတဲ့အခါ ဒူးနဲ့အဆစ်တွေ ဘာလို့ပိုနာတာလဲ?
ရောဂါအခံတစ်ခုခုကြောင့် ဒူးနာ၊ အဆစ်နာဝေဒနာတွေဟာ ပန်ကာ၊ အဲကွန်းလေခံမိရင်၊ ဆောင်းတွင်းဘက်ရောက်ရင်၊ မိုးမိရင် ပိုနာတယ်လို့ အပြောများပါတယ်။ အကြောင်းရင်းကတော့ အေးတဲ့အခါ ခန္ဓာကိုယ်က အပူကို အလယ်ပိုင်းကိုယ်ထည်မှာ ထိန်းသိမ်းပြီး အနွေးဓာတ်ရဖို့ ကြိုးစားပါတယ်။
အရေးကြီးကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ နှလုံး၊ အဆုတ်၊ အူတွေဆီသို့ ဦးစားပေးကာ သွေးပိုမိုစီးဆင်းစေပါတယ်။ ထိုအခါ ခြေချောင်း၊ လက်မောင်း၊ ဒူး၊ ပခုံးနဲ့ အခြားအဆစ်တွေမှာ သွေးအရောက်နည်းကာ ၎င်းခန္ဓာကိုယ်ဘေးဘက်ခြမ်းတွေဟာ ပိုတောင့်၊ ပိုအေးဖြစ်ကာ နာကျင်မှုကို ပိုဆိုးစေပါတယ်။
အေးတဲ့ပတ်ဝန်းကျင်အပူချိန်ကြောင့် လေထုဖိအားအပြောင်းအလဲဖြစ်ကာ အာရုံကြောတွေရဲ့ အာရုံခံစွမ်းမြင့်မားခြင်း၊ သွေးလည်ပတ်မှုလျော့နည်းခြင်းဖြင့် အဆစ်အမြစ်တွေကို ပိုမို ယောင်ယမ်းစေပါတယ်။
ဒူးနာစေသော အဖြစ်များတဲ့ ရောဂါအချို့ကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါတယ်။
- အဆစ်ရောင်ရောဂါ
- ဒူးအရွတ်များ ထိခိုက်မှု
- ဒူးစေ့အဆစ်လွဲခြင်း
- ဒူးနောက်ဖက် ရေအိတ်တည်ကာ ယောင်ယမ်းခြင်း
- ဒူးအရိုးနု ပျော့ခြင်း
- ဂေါက်ရောဂါ …စသည်တို့ပါပဲ။
အေးတဲ့အချိန် အဆစ်တွေ နာကျင်မှု လျော့နည်းအောင် ဘာလုပ်သင့်လဲ?
ရာသီဥတုအေးမြတာကြောင့် အဆစ်အမြစ်တွေ နာကျင်ယောင်ယမ်းတာမျိုး မကြာခဏကြုံရတတ်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
- သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပါ - ၅မိနစ်မျှ အကြောလျှော့ခြင်းဖြင့် အဆစ်တောင့်တင်းခြင်း၊ နာကျင်ခြင်းကို လျော့ကျစေပါတယ်။
- အပြေးလေ့ကျင့်ခန်း ပြုလုပ်ပါ - ပြေးနေရင်း ချက်ချင်းမရပ်လိုက်ပါနဲ့ ။ အပြေးလေ့ကျင့်ခန်း နားတော့မည်ဆိုရင် ခဏတဖြုတ်လမ်းဆက်လျှောက်ပြီးမှ နားပါ။ မဟုတ်လျှင် ဒူးဆစ်ပိုနာတတ်ပါတယ်။
- အကြောလျှော့ခြင်းဖြင့် အဆုံးသတ်ပါ - ပြေးပြီးလျှင် တောင့်တင်းသောကြွက်သားများကို အကြောလျှော့ပါ။
- အိမ်တွင်းလေ့ကျင့်ခန်းများ မိနစ် ၂၀ခန့် ပြုလုပ်ပါ။
- နာနေတဲ့အချိန် ရေခဲ၊ ရေနွေးအိတ်ကပ်ပါ။
- အနာသက်သာစေသောဆေးများ ဆရာဝန် ညွှန်ကြားသည်အတိုင်း သောက်ပါ။
- အဆစ်ကို အနားပေးပါ။
ဆရာဝန်နဲ့ ပြသရမည်ဟု သတိပေးသော လက္ခဏာများ
အောက်ပါ လက္ခဏာတွေ ပြသနေပြီဆိုရင်တော့ သင့်အနေနဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့ ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
- လမ်းမလျှောက်နိုင်ခြင်း
- အဆစ်ပုံပျက်ခြင်း
- အကွေးအဆန့် မပြုလုပ်နိုင်တော့ခြင်း
- နာကျင်မှု ပိုဆိုးရွားလာခြင်း
- ညဘက်မှာ နာကျင်မှု ပိုဆိုးခြင်း
- ဒူးနားတစ်ဝိုက် ပူ၊ နီ၊ နာ ၊ယောင် ဖြစ်ခြင်း တို့ဖြစ်ပါတယ်။
ဒေါက်တာ - မေမြတ်